Saturday, May 11, 2013

ယဉ်ကျေးလိမ္မာသင်တန်းပေါ်ပေါက်လာပုံ

ယဉ်ကျေးလိမ္မာသင်တန်းပေါ်ပေါက်လာပုံ

         ပညာဒါနသင်တန်းအနေနဲ့ အဓိကရည်မှန်းချက်တစ်ခုဖြစ်တဲ့  ကျောင်းသားတွေ စာမေးပွဲဖြေနိုင်ဖို့၊ တက္ကသိုလ်ဝင်တန်းအောင်မှတ်ကောင်းဖို့ ... စတဲ့ ပညာရေးမှာ အောင်မြင်မှု တစ်ခုရဖို့ ဦးတည်ချက်နဲ့ ဘက်ပေါင်းစုံကနေ ကြိုးကြိုးစားစား အလုပ်လုပ်ကြရပါတယ်။ သင်ကြားသူများအနေနဲ့လည်း တက္ကသိုလ်ဝင်တန်းရဲ့အရေးကြီးမှုအတိုင်းအတာကြောင့် ကျောင်းသူကျောင်းသားတွေကို အနားပေးဖို့၊ ကျောင်းပိတ်ပေးဖို့ အလွန်ပဲခက်ခဲလှပါတယ်။ ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း “'ဒီတစ်နှစ်လေးနော်'ဆိုတဲ့ခံယူချက်နဲ့  ကျန်တဲ့ အရေးတွေ ဘေးမှာထား၊ စာပြီးရင်းစာ တစာစာနဲ့ စိတ်ပန်းလူပန်းကြိုးစားကြရပါတယ်။
      ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်း အောင်ချက်တွေမြင့်မားဖို့ ဦးတည်ပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးစားလိုက်ကြတာ ပညာသင်နှစ်တစ်နှစ်တာဟာ စိတ်ဖိစီးမှုများစွာနဲ့ ပင်ပင်ပန်းပန်း ကုန်ဆုံးရပါတော့တယ်။ အောင်စာရင်းတွေထွက်လာတော့ အောင်ချက်တွေကောင်းလှပါတယ်။ ဂုဏ်ထူးတွေနဲ့ အောင်သူတွေ၊ အောင်မယ်မထင်ဘဲ အောင်လာတဲ့သူတွေနဲ့ အလွန်ကြည်နူးဖို့ ကောင်းတဲ့ ပီတိနဲ့၊ ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေပါ  တစ်နှစ်စာ ကြိုးစားရတဲ့ အမောတွေ ခဏတာတော့ ပြေကြရပါတယ်။ ဒါပေမယ့် တကယ့်ကို ခဏပါပဲ။
    သင်တန်းရဲ့အခြားအရေးကြီးတဲ့ ရည်မှန်းချက်တစ်ခုကတော့ မိမိပတ်ဝန်းကျင်ကို စွမ်းနိုင်သမျှ ပြန်လည် အကျိုးပြုပေးလိုသူတွေ၊ ပေးနိုင်သူတွေကို မွေးထုတ်ပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်ကိုပြန်လည်သုံးသပ်ကြည့်တဲ့အခါ ကျေနပ်လောက်တဲ့ တိုးတက်မှု အခြေအနေကို ရောက်ရှိမလာဘူးလို့ သုံးသပ်မိပါတယ်။ ဒီရည်မှန်းချက်နဲ့ ကိုက်ညီမှုရှိတဲ့ မျိုးဆက်သစ်တွေပေါ်ထွက်လာလို့ ကျေနပ်မှုအနည်းငယ်ရရှိပေမယ့် ရည်မှန်းသလောက်တော့ မအောင်မြင်သေးတာကိုလည်း မြင်လာပါတယ်။ အဲဒီလိုအခြေအနေကြောင့် အားနည်းချက်ကို လိုက်ရှာ၊ သုံးသပ်ကြည့်တော့ သင်တန်းအနေနဲ့ တပည့်တွေတော်ဖို့သာ သင်နေပြီး ကောင်းဖို့ တော့ အချိန်ပေးတာနည်းခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
    ၂ဝဝ၅-ဝ၆ ပညာသင်နှစ်မှာတော့ ဒီအားနည်းချက်ကို ပြုပြင်ဖို့ သင်တန်း တာဝန်ခံဆရာတော် အနေနဲ့ အစီအမံတွေချပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ပထမဆုံး သင်တန်းရဲ့ ဆရာ ဆရာမတွေထဲက လက်ရွေးစင်ငါးယောက်ကို ရွေးချယ်ပြီး ဆရာတော် ကိုယ်တိုင် ဦးဆောင်ကာ ဒီသင်တန်းအတွက် လေ့လာရေးခရီးစဉ်ကို စတင်ပါတယ်။ ဒီခရီးစဉ်မှာ ပါတဲ့ ဆရာဆရာမတွေကတော့ ဆရာဦးဌေးလွင်(ရူပဗေဒ)၊ ဆရာဦးကျော်ကျော်ဦး(သင်္ချာ)၊ ဆရာဦးအောင်ဆန်းလင်း(မြန်မာစာ)၊ ဆရာမဒေါ်စုစုနိုင်(ဇီဝဗေဒ)၊ ဆရာမဒေါ်အေးအေးသိမ့် (ဘောဂဗေဒ) တို့ဖြစ်ကြပါတယ်။ သွားရောက်လေ့လာကြတဲ့ သင်တန်းကတော့ ရန်ကုန်တိုင်း၊
မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာမှာရှိတဲ့ ဓမ္မဒူတဆေကိန္ဒာရာမကျောင်းတိုက် မှာ ဆရာတော်အရှင်ဆေကိန္ဒ ဦးဆောင်ပြုလုပ်ပေးနေတဲ့ ယဉ်ကျေးလိမ္မာလူငယ်တရားစခန်း ဆီကိုဖြစ်ပါတယ်။
    အဲဒီခရီးစဉ်လေးကပဲ လက်ရှိနေသာပညာဒါနရဲ့ ယဉ်ကျေးလိမ္မာခရီးစဉ်အတွက် အစီအစဉ်တွေ၊ နည်းစနစ်တွေအတွက် အစပျိုးပေးလိုက်နိုင်ပါတယ်။ ပြန်ရောက်တာနဲ့ ကိုယ့်သင်တန်း၊ ကိုယ့်သင်တန်းသားတွေနဲ့လျော်ညီတဲ့ နည်းစနစ်တွေ အစီအစဉ်တွေ ဆွဲနိုင်ခဲ့ပြီး နောက်တစ်နှစ်ပညာသင်နှစ်မှာ ကျင်းပပြုလုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ယဉ်ကျေးလိမ္မာသင်တန်းများ၏ နှစ်စဉ်စံပြုအစီအစဉ်များ

    အစီအစဉ်တွေအနေနဲ့ နှစ်စဉ်တစ်ပုံစံတည်းကို စံထားရေးဆွဲပါတယ်။ နံနက်(၅)နာရီမှာ အိပ်ယာထ၊ (၅း၃ဝ) ကနေ (၆းဝဝ)နာရီအထိ ဘုရားရှိခိုး၊ တရားထိုင်၊ (၆းဝဝ)နာရီကနေ (၇းဝဝ)နာရီအထိ ကာယလေ့ကျင့်ခန်းကို တောင်ဖီလာတောရဘေးမှာရှိတဲ့ ကလေးမြို့ရဲ့ အထင်ကရ တောင်ဖီလာဂေါက်ကွင်းမှာ လေ့ကျင့်စေပါတယ်။ ပြီးရင် (၇းဝဝ)နာရီကနေ (၈းဝဝ)နာရီအထိ နံနက်အဆာပြေကျွေးမွေးခြင်း၊ အဲဒီနောက် နံနက် ၁၁ နာရီအထိ သင်တန်း ဆရာများရဲ့ ဟောပြောပို့ချမှုအစီအစဉ်များ၊ နောက် နေ့လယ်စာကျွေးမွေး၊ အိပ်ချိန်၊ ဂိမ်းကစားချိန်တွေက နေ့ (၂)နာရီအထိဖြစ်ပါတယ်။ ပြီးရင်နေ့လယ်ပိုင်း (၂နာရီခွဲ)ကစပြီး
သင်တန်းပို့ချချိန်များ၊ သင်တန်းသူ သင်တန်းသားတို့ရဲ့ စာတမ်းယှဉ်ပြိုင်မှုအစီအစဉ်များဖြစ်ပြီး ညနေ (၅း၃ဝ)အထိဖြစ်ပါတယ်။ ညစာကိုတော့ (၅း၃ဝ)နာရီနဲ့ (၆း၃ဝ)နာရီတို့အကြားမှာ ကျွေးမွေးပါတယ်။ ညပိုင်းမှာတော့ သင်တန်းသားတို့ရဲ့ ဘာသာရေး၊ လူမှုရေးရာ သိလိုသမျှ မေးခွန်းများကို သင်တန်းဆရာများက  ပြန်လည်ဆွေးနွေးဖြေကြားကြပါတယ်။

ရည်ရွယ်ချက်ချမှတ်ခြင်း

    သင်တန်းရဲ့ရည်ရွယ်ချက်ကတော့ 'နှစ်သက်ဖွယ်ကောင်းသော ကိုယ်၊ နှုတ်၊ စိတ် အမူအရာများ ဖြစ်ထွန်းပေါ်ပေါက်စေရန်' ဖြစ်ပါတယ်။ တွဲဖက်ရည်မှန်းချက် အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာသင်ခန်းစာတွေကြားမှာ နစ်မွန်းနေတဲ့စိတ်တွေကို လန်းဆန်း သွားအောင် ဖြေလျှော့ပေးဖို့လည်းရည်ရွယ်ပါတယ်။

ကျင်းပရန်နေရာရွေးချယ်သတ်မှတ်ခြင်း

    ယဉ်ကျေးလိမ္မာသင်တန်းပြုလုပ်ရခြင်းရဲ့ ရည်မှန်းချက်တွေကို အပြည့်အဝအောင်မြင် စေဖို့အတွက် အသင့်လျော်ဆုံးနေရာဖြစ်တဲ့ တောင်ဖီလာတောရကျောင်းတိုက်ကို ရွေးချယ် ကြပါတယ်။ တောတောင်သဘာဝ သာယာလှပခြင်း၊ နေရာကျယ်ဝန်းခြင်း၊ သင်တန်းသားများ အတွက် နွေးထွေးပြီးလုံခြံမှုပေးနိုင်တဲ့ အဆောက်အဦးများရှိခြင်း၊ ဂိမ်းကစားရန်၊ ပြေးလွှားဆော့ ကစားရန်နေရာကျယ်ဝန်းခြင်း၊ လူနေရပ်ကွက်များနှင့်ဝေးကွာပြီး တိတ်ဆိတ်ငြိမ်သက်မှု အပြည့် ရနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်းစတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ နေရာဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော် ဦးရာဇိန္ဒကိုယ်တော်တိုင်ကလည်း ဒီလိုသင်တန်းတွေဟာ ကလေးတွေ အတွက် လိုအပ်ချက်တစ်ခုလို့ သိရှိနားလည်စွာဖြင့် သည်ကျောင်းတိုက်ကြီးမှာ ကျင်းပဖို့ လိုလိုလားလားလက်ခံတော်မူပါတယ်။ ဆရာတော်ဘုရားကိုယ်တိုင် လူငယ်တွေနဲ့ သင့်လျော်တဲ့ တရားထိုင်နည်းတွေကို ပြသသွန်သင်ပေးခြင်း၊ သင်တန်းသားတို့ သိလိုတဲ့ မေးခွန်းများကို ရှင်လင်းဖြေဆိုပေးတော်မူခြင်းတို့နဲ့ အားပေးပါတယ်။

ယဉ်ကျေးလိမ္မာသင်တန်းများကျင်းပခြင်း

ပထမအကြိမ် (၂ဝဝ၆-ဝ၇ ပညာသင်နှစ်)

    ၂ဝဝ၆-ဝ၇ ပညာသင်နှစ်မှာတော့ နေသာပညာဒါနသင်တန်းရဲ့ ပထမဆုံးအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းကို  ၂ဝဝ၆ ခုနှစ်၊ဒီဇင်ဘာ(၂၉)ရက်မှ(၃၁)ရက်နေ့အထိ ၃-ညအိပ်၊ ၄-ရက်စခန်း ဖွင့်လှစ်ခဲ့ပါတယ်။ ပထမအကြိမ်ဖြစ်ပေမယ့် အားလုံးဝိုင်းဝန်းပါဝင် ကြိုးစားကြတာမို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။ သင်တန်းသားအရေအတွက်(၄ဝဝ)ကျော်ဖြစ်ပြီး  သင်တန်းဆရာများအနေနဲ့ တောင်ဖီလာတောရစာသင်တိုက်ဆရာတော်၊ တောင်ဦးဆရာတော်၊ နေသာပညာဒါနသင်တန်းဆရာတော်နဲ့ ဆရာဦးဘုန်း(ဓာတု)တို့ဖြစ်ကြပါတယ်။ ဒီသင်တန်းမှာ သင်တန်းသားတို့အတွက် အသက်အရွယ်နဲ့လျော်ညီသော တရားဓမ္မများဟောပြခြင်း၊ ဗုဒ္ဓအလိုကျ ယဉ်ကျေးဖွယ်ရာ ကိုယ်၊နှုတ်၊စိတ်အမူအရာများကို သင်ကြားလေ့ကျင့်ပေးခြင်း၊ သင်တန်းသား၊ သင်တန်းသူတို့ ကိုယ်တိုင်ရေးသားပြုစုထားတဲ့ 'မေတ္တာ' ခေါင်းစဉ်နဲ့ စာတမ်းကို အဖွဲ့လိုက်ဖတ်ကြားယှဉ်ပြိုင်ခြင်း၊  အချိန်ပိုင်းများအလိုက် ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားကြခြင်း၊ တောင်ဖီလာတောင်ပေါ်သို့တက်ပြီး တောတောင်ရှုခင်းများကို ခံစားကြည်နူး ကြရင်း မိမိဒေသရဲ့ နှစ်သက်ဖွယ်ရာ သဘာဝအလှတွေကို ခံစားမိစေခြင်း စတဲ့အစီအစဉ်တွေ ပါပါတယ်။

ဒုတိယအကြိမ် (၂ဝဝ၇-ဝ၈ ပညာသင်နှစ်)

    ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာလူငယ်တရားစခန်းကိုတော့ (၂၈-၁၂-၂ဝဝ၇) မှ (၃၁-၁၂-၂ဝဝ၇) အထိကျင်းပခဲ့ပါတယ်။ ဟောပြောပို့ချပေးသော သင်တန်းဆရာများကတော့ ဦးနန္ဒာသိရီ(တောင်ဦး)၊ ဦးတိလောက(လှတော)၊ ဦးဝဏ္ဏသိရီ (ကထိက၊ သံဃာ့တက္ကသိုလ်)၊ ဦးရာဇိန္ဒ(တောင်ဖီလာတောရ)၊ ဦးဥာဏောဘာသ (စိုးဥာဏ-ငဖဲ) ၊ ဦးကိုကိုမြိုင် (တက္ကသိုလ်သျှင်သီရိ)တို့ဖြစ်ကြပြီး သင်တန်းသားအရေအတွက် (၄ဝဝ)ကျော်ဖြစ်ပါတယ်။ ဒီနှစ်တော့ သင်တန်းသားများမှ 'ကရုဏာနှင့်မုဒိတာ'အမည်ရတဲ့ စာတမ်းကို ဖတ်ကြားယှဉ်ပြိုင် ကြရပါတယ်။

တတိယအကြိမ် (၂ဝဝ၈-ဝ၉ ပညာသင်နှစ်)

    တတိယအကြိမ်ယဉ်ကျေးလိမ္မာသင်တန်းကိုတော့(၂၄.၁၂.၂ဝဝ၈) မှ (၂၆.၁၂.၂ဝဝ၈) အထိ ကျင်းပခဲ့ပါတယ်။ ဟောပြောပို့ချပေးတဲ့ ဆရာများအနေနဲ့ ဦးဘုန်း(ဓာတု)၊ ပန်းဒကာ ကိုတင်မြင့်၊ ဦးတိလောက (လှတော)တို့ဖြစ်ကြပြီး သင်တန်းသားများက 'တာဝန်ယူစိတ်၏ ကောင်းကျိုးနှင့် ရှောင်လွှဲခြင်း၏ဆိုးကျိုး' ဟူသော ခေါင်းစဉ်ဖြင့် ဖတ်ကြားယှဉ်ပြိုင်ခဲ့ကြပါသည်။ အထူးအစီအစဉ်များအနေဖြင့် ခရိုင်ဥပဒေအရာရှိ ဒေါ်ဥမ္မာအောင်က သင်တန်းသားများ သိသင့်သောဥပဒေရေးရာများကို ထုတ်နုတ်ဆွေးနွေးပေးခဲ့ပြီး ညပိုင်းအချိန်များတွင် သင်တန်းသားများ၏ သိလိုသမျှ မေးခွန်းများကို သင်တန်းဆရာများမှ ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြပါသည်။ သင်တန်းသားသင်တန်းသူအရေအတွက် (၄ဝဝ)ခန့် တက်ရောက်ခဲ့ပါသည်။

စတုတ္ထအကြိမ် (၂ဝဝ၉-၁ဝ ပညာသင်နှစ်)

    စတုတ္ထအကြိမ်ယဉ်ကျေးလိမ္မာသင်တန်းအတွက် (၂၃.၁၂.၂ဝဝ၉)၊ နေ့(၁)နာရီမှာ နေသာပညာဒါနသင်တန်းကနေ စတင်ထွက်ခွာခဲ့ကြပြီး (၂၆.၁၂.၂ဝဝ၉)ရက်နေ့ ညနေ (၄)နာရီအထိ ကျင်းပနိုင်ခဲ့ပါတယ်။ ပို့ချပေးခဲ့ကြတဲ့ ဆရာများကတော့ ဆရာဦးဘုန်း(ဓာတု)၊ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဆရာမောင်ဝဏ္ဏ၊ စာရေးဆရာ ဆရာကံထွန်းသစ်တို့ ဖြစ်ကြပါတယ်။ အထူးအစီအစဉ်များအနေနဲ့ တွဲ-မြို့နယ်တရားသူကြီး ဒေါ်သူဇာအေးက 'မြန်မာ့ဓလေ့ထုံးတမ်းဖြင့် လက်ထပ်ထိမ်းမြားခြင်း'ဟူသော ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကလေးခရိုင်ရဲမှူးကြီးမှ 'ယာဉ်အ္တရာယ်ကြိုကာကွယ်'ဟူသော ခေါင်းစဉ်ဖြင့် ယဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာတို့ကို ဓာတ်ပုံများနှင့်တကွပြသပြီး ပညာပေးခဲ့ပါသည်။  ယခုနှစ်အတွက် သင်တန်းသားဦးရေ ၄ဝဝ ခန့်တက်ရောက်ခဲ့ကြပါသည်။

ယဉ်ကျေးလိမ္မာသင်တန်းတို့အပေါ်ခြုံငုံသုံးသပ်ချက်

    ယဉ်ကျေးလိမ္မာသင်တန်းအကြိမ်တိုင်းတွင် သင်တန်းသားတို့အတွက် အမှတ်ရဖွယ် ကောင်းသောအတွေ့အကြုံတို့ကို ပေးစွမ်းနိုင်မြဲဖြစ်ပါသည်။ ဝိပဿနာကျင့်စဉ်ကို လူငယ်များအတွက် လိုက်လျောညီထွေသော ပုံစံဖြင့်မိတ်ဆက်အစပျိုးပေးလိုက်နိုင်သည်။ လူမှုဝန်းကျင်ကိုလည်း ပင်ကိုစိတ်အနေအထားထက်ပိုမိုပြီး ဂရုပြုတတ်၊ ရှုမြင်တတ်အောင်  နှိုးဆွပေးလိုက်နိုင်ပါသည်။ ကစားချိန်တွင် ကစားပြီး ရှေ့ထွက်ပြောရန်ကြုံလာပါကလည်း တွန့်ဆုတ်မနေဘဲ ပြောရဲသော သတ္တိများပေါ်ထွက်လာစေသည်။ အချင်းချင်း ရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည်တို့ကိုလည်း ပေါ်ထွန်းလာစေပါသည်။ ဝတ်စားဆင်ယင်မှု အပိုင်းတွင် လွတ်လပ်စွာဝတ်ဆင်ခွင့်ပေးထားခြင်းသည် အများ၏ထောက်ပြဝေဖန်မှုကို အများဆုံးခံရသော စည်းကမ်းဖြစ်ကြောင်းကိုလည်း တွေ့ရပါသည်။ ထို့အပြင် သင်တန်းသားများ အနက် အချို့မှာ ပျော်ပါးလွတ်လပ်မှုအတွက် ဦးစားပေးလွန်းပြီး သင်တန်းကြောင့် ကိုယ်ရည် ကိုယ်သွေးတိုးတက်လာပါကြောင်း ထင်သာမြင်သာရှိအောင် ပြသနိုင်ရန်လည်း ကြိုးစားကြရ ပေမည်။
    နှစ်အလိုက် စာတမ်းခေါင်းစဉ်များကလည်း လူမှုအဖွဲ့အစည်းတွင် အဆင်ပြေစွာ ပူးပေါင်းနေထိုင်နိုင်စေရေးအတွက် လိုအပ်ချက်များကို သင်တန်းသားများသတိထားလာစေရန် ထောက်ကူပေးနိုင်ခဲ့ပါသည်။ ဂိမ်းကစားမှုအစီအစဉ်တို့မှာမူ သင်တန်းသားများအတွက် အမှတ်ရဆုံးလှုပ်ရှားမှုများပင်ဖြစ်ပါသည်။ ဤအစီအစဉ်ကြောင့် အားလုံးတက်ကြွပျော်ရွှင်ကြရပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ လန်းဆန်းမှုအတွက် အထောက်အကူဖြစ်စေပါသည်။ တောင်ဖီလာတောင် ပေါ်တက်ရခြင်း၊ ရှုခင်းများကြည့်ရှုခံစားရခြင်းတို့မှာ ယဉ်ကျေးလိမ္မာသင်တန်းတိုင်းတွင် သင်တန်းသားတို့၏ မမေ့နိုင်သောလှုပ်ရှားမှုအဖြစ် သတ်မှတ်ခြင်းခံရပေသည်။ နှစ်သက်ဖွယ် ကောင်းသော ကိုယ်နှုတ်စိတ်အမူအရာများ ပေါ်ထွန်းလာစေရန်ဟူသော ရည်ရွယ်ချက်ကို ပုံဖော်ကြရာတွင် အင်အားတစ်ခုဖြင့်ပုံသွန်းခြင်းမဟုတ်ဘဲ အခြေခံအသိတရားများကို သတိထားမိ၊ တန်ဖိုးထားမိလာစေရန်လှုံဆော်ပေးသည့်ပုံစံမျိုးဖြစ်ပါသည်။

ကျေးဇူးမှတ်တမ်း

    ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ကျေးဇူးတင်ရမည့်သူများမှာ လိုအပ်သော နေရာတိုင်းတွင် ဖြည့်စွက်ပါဝင်ရန်နှင့်ကူညီပံ့ပိုးရန် အမြဲတက်ကြွနေကြသော တောင်ဖီလာ ပရိယတ္တိစာသင်တိုက်၏ စာသင်သားသံဃာတော်များနှင့်တကွ  ကိုယ်တိုင် တက်ကြွစွာ လှုပ်ရှားပါဝင်ပြီး သိမှတ်ဖွယ်ရာဆုံးမစာများဟောပြခြင်း၊ တရားထိုင်ခြင်းနည်းစနစ်များကို အခြေခံမှစကာ စနစ်တကျပြသခြင်းတို့ကို ဆောင်ရွက်တော်မူသည့်အပြင် အင်အား ၄ဝဝ နှင့် ၅ဝဝ ကြားရှိ လူပရိသတ်တို့၏ ဆူညံမှု၊ လှုပ်ရှားမှုအသီးသီးကို သည်းခံလျက် ကျောင်းတိုက်ကြီး အား အသုံးပြုခွင့်ပေးသော တောင်ဖီလာဆရာတော်ဘုရား၊ ရှေ့ပြေးသန့်ရှင်းရေးကိစ္စများ ဆောင်ရွက်သည်မှ စခန်းသိမ်းပစ္စည်းသိမ်းသည်အထိ ဝိုင်းဝန်းကူညီရန်အသင့်ရှိနေကြသော နေသာပညာဒါနသင်တန်း၏ ဂိုက်ဆရာ ဆရာမများ၊ ငွေအားလူအား နှစ်ရပ်လုံးဖြင့် ကူညီအားပေးကြသော ဘာသာပြဆရာ ဆရာမများ၊ တစ်နေ့စာ အာဟာရဒါနစိုက်ထုတ် လှူဒါန်းကြသော အလှူ့ရှင်များ၊ ချက်ရေးပြုတ်ရေးကျွေးမွေးရေးတို့အတွက် အလွန်ပင်ပန်းဆင်းရဲခံကြသော ဝေယျာဝစ္စအဖွဲ့များ၊ မီးနှင့်စက်ကိစ္စအသီးသီးအတွက် စိတ်ချရအောင် ဖြည့်ဆည်းကူညီပေးနေသော မီးစက် ဦးသန်းထွန်းနှင့်အဖွဲ့သားများ၊ ပထမအကြိမ်မှ (၅)ကြိမ်မြောက်အထိ သင်တန်းကြီး အောင်မြင်စွာ ပြီးမြောက်နိုင်စေရေးအတွက် ဦးဆောင်ဆရာတော်၏ လမ်းညွှန်မှုအောက်တွင် အထွေထွေကိစ္စများကို လုံလစိုက်ကြိုးစား ဆောင်ရွက်ပေးခဲ့ကြသော ဆရာတော်၏ အနီးနေတပည့်ကြီးများ၊ ဟောပြောပို့ချပေးခဲ့ကြသည့် သင်တန်းဆရာများ၊ တပည့်များအပေါ် စေတနာကြီးစွာဖြင့် ကိုယ်ရောစိတ်ပါ အပင်ပန်းခံကာ ကြီးကြပ်စီစဉ်ဆောင်ရွက်တော်မူသော ဦးဆောင်ဆရာတော်ဘုရား စသည်တို့ပင်ဖြစ်ကြပါသည်။
    ဤသို့သောသင်တန်းများကို ကျင်းပပြုလုပ်ခွင့်ပေးခဲ့သည့်အပြင် လိုအပ်ချက်များကိုလည်း ဖြည့်စွက်ကူညီပေးခဲ့ကြသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကူညီပေးမှုကိုလည်း မှတ်တမ်းတင်ရပေမည်။

မှတ်တမ်းပြုစုသူ - ကိုအောင်ဆန်းလင်း (98-99 နေသာ)

No comments:

Post a Comment