Saturday, May 11, 2013

ကလေးမြို့ ကာယကံမေတ္တာ နာမှုကူညီသူများ ၁၀-နှစ်ပြည့် စာပေဟောပြောပွဲ ပြီးဆုံး

17.5.2011 တွင် ကာယကံမေတ္တာနာမှုကူညီသူများ၏ စာပေဟောပြောပွဲ ဒုတိယရက်ကို ဆက်လက်ကျင်းပပါသည်။ ညဦးပိုင်းကာလက မိုးတိမ်များ အုံမှိုင်းနေသော်လည်း မိုးရွာသွန်းမှုမရှိသောကြောင့် မူလက စီစဉ်ထားသည့် ဟောပြောပွဲစင်မြင့်ရှိရာ ရွှေဘုံသာဘောလုံးကွင်း တွင် ဟောပြောပွဲကို ကျင်းပဖြစ်ကြပါသည်။ ပထမဆုံးဟောပြောသူမှာ ဆရာမြင့်ဇော်ဖြစ်ပြီး “ရေမြေတောတောင်”ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ မြန်မာနိုင်ငံရှိ သဘာဝမြစ်ချောင်းများ၏ ရေရှည်အနေအထားမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း၊ ဖတ်သင့် မှတ်သင့်သော ဆောင်းပါးအညွှန်းများနှင့်တကွ ပြောပြသွားပါသည်။ ဒုတိယဟောပြောသူမှာ ဆရာမဂျူးဖြစ်ပြီး “စာရေးဆရာတစ်ယောက်၏ မှတ်စုများ”ကိုပင် ဖြည့်စွက်ကာ ဟောပြောခြင်းဖြစ်ပါသည်။ ဆရာမဂျူး၏ ဟောပြောမှုအပြီးတွင် မိုးတဖွဲဖွဲစတင်ရွာသွန်းပါတော့သည်။ ဆရာမောင်စိန်ဝင်း၊ပုတီးကုန်း၊ကလည်း မိုးဖွဲဖွဲကြားမှာပင် ပြောလို့ရသလောက်ပြောမယ်ဟုဆိုကာ သုတနှင့်ရသဟူသော ခေါင်းစဉ်ဖြင့် စတင်မိတ်ဆက်ဟောပြောပြီး နောက် ၁၀-မိနစ်ခန့်အကြာတွင် မိုးများသည်းထန်စပြုလာပါ တော့သည်။ သို့အတွက် အရန်စီစဉ်ထားသည့် ဇာတ်ရုံအတွင်းသို့ ပြောင်းရွှေ့ဟောပြောမည်ဖြစ်ကြောင်း ကြေညာရပါတော့သည်။ ဦးသန်းထွန်း၏ မီးစက်အဖွဲ့၊ ဂရိတ်မင်းဦးတာနှင့်အဖွဲ့၊ ကာယကံမေတ္တာအကျိုးဆောင်လူငယ်အဖွဲ့တို့လည်း စက်အပြောင်းအရွှေ့၊ မီးအပြောင်းအရွှေ့ကို ၁၀-မိနစ်အတွင်း တက်ညီလက်ညီကူညီခဲ့ကြပါသည်။ အထူးအံသြဖွယ်ကောင်းသည်မှာ ပရိသတ်တို့သည် ဆရာမောင်စိန်ဝင်း၏ ဟောပြောမှုကို မိုးရွာနေစဉ်မှာပင် ထီးများမိုးပြီးနားထောင်ကြသကဲ့သို့ လှုပ်လှုပ်ရွရွဖြစ်သွားပြီး နေရာပြောင်းရွှေ့ လိုက်ရသော်လည်း အိမ်ပြန်သွားခြင်းမရှိဘဲ ဇာတ်ရုံအတွင်းသို့ အားလုံးလိုက်လံအားပေးသွားကြခြင်းဖြစ်ပါသည်။ ကလေးမြို့ စာပေပရိသတ်၏ ဇွဲသတ္တိနှင့် စိတ်ဓာတ်ကို ဆရာမောင်စိန်ဝင်းက တဖွဖွချီးကျူးသွားပါသည်။ ည၁၂-နာရီတွင်ဟောပြောပွဲ ပြီးဆုံးခဲ့ပါသည်။

ဟောပြောပွဲများတွင် အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သူမှာ သရ၀ဏ်ပညာရေးနည်းပြ မှ ဆရာသန့်ဇင်ဝင်း၊ (မန်းတက္ကသိုလ်) ဖြစ်ပါသည်။ ဟောပြောပွဲကာလတစ်လျှောက် စင်မြင့်အပြင်အဆင်၊ နယ်ခံပရိသတ်၏ ဧည့်ဝတ်ကျေပွန်မှု၊ စာပေချစ်မြတ်နိုးမှု၊ နယ်မြို့ကလေး၏ ပရဟိတလုပ်ငန်းများအခြေအနေတို့သည် ဧည့်သည်စာရေးဆရာများ၏စိတ်ကို ကောင်းစွာဖမ်းစားနိုင်ခဲ့ပါကြောင်း .......... ။

No comments:

Post a Comment