Thursday, May 2, 2013

နေသာကျောင်းတိုက် ၏ သမိုင်းဖြစ်စဉ်

ကလေးမြို့တွင် လွတ်လပ်ရေးမရမီအချိန်အထိ နေသာကျောင်းဆိုတာ မပေါ်ပေါက်သေးပါ။ နေသာကျောင်း တိုက်အကြောင်း တင်ပြရမည်ဆိုလျှင် အစအဦးကျောင်းထိုင်ဖြစ်သည့် ကလေးဝမြို့တစ်ဘက်ကမ်း ကိုင်းရွာဇာတိ ဆရာတော် ဥုးဇိန၏ ဘဝဖြစ်စဉ်တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းပြောကြားရပေမည်။ နေသာကျောင်းတိုက်၏ မူလဆရာတော်ဖြစ်လာမည့် ဆရာတော်ဥုးဇိနအရှင်မြတ်သည် ကလေးဝမြို့ တစ်ဘက်ကမ်းရှိ ကိုင်းရွာဇာတိဖြစ်ပါသည်။ ခမည်းတော်သည် ဦးသာဒိုးဖြစ်ပြီး မယ်တော်သည် ဒေါ်ကူးဖြစ်ပါသည်။
လူနာမည် မောင်စံဝင်းဖြစ်ပါသည်။ ခေတ်မပျက်မီ အင်းတင်တောင်ရွာကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့ပါသည်။ အင်းတင်တောင်ကျောင်းဆရာတော် ဥုးနန္ဒ၏မိဘတို့က ရဟန်းဒါယကာအဖြစ်ခံ ယူကြပါသည်။ ဆရာတော်ဥုးဇိန သည်၊ ကလေးမြို့ ရွှေဘုံသာ စေတီတော်မြတ်ကြီး၏ အနောက်ဘက် ယခုဝိသုဒ္ဓါရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ နေရာတွင် “အုတ်ကျောင်း” ဟူသောအမည်ရှိ ကျောင်းတွင်သီတင်းသုံးနေထိုင်တော်မူခဲ့ပါသည်။

အင်္ဂလိပ် တက်လာသောအခါ ကလေးတစ်မြို့လုံးကို ကောင်းကင်မှ ဦးစွာပထမ ဓါတ်ဆီများဖြင့်ဖျန်းပက်ပြီး မီးကျည် လောင်မီးဗုံးများဖြင့် ပစ်ဖေါက်မီးရှို့ခဲ့သောကြောင့် သာသနိကအဆောက်အဦးများအပါဝင် တစ်မြို့လုံးနီးပါး ပြာကြခဲ့ရကြောင်း ခေတ်ဆိုးကြုံခဲ့ကြသည့် ကာယကံရှင်များ၏ ပြောပြချက်အရသိရပါသည်။ မြို့နေ ပြည်သူလူထုတို့သည် လေ ယာဉ်ဗုံးဒဏ်ကိုကြောက်လန့်ကြသောကြောင့် မြို့ပြင်ထွက်ပြီးကျေးရွာများတွင် သွားရောက်နေထိုင်ခိုလှုံခဲ့ကြရပြီး ဆရာတော်၏ ဆွမ်းဒါယကာများသည်လည်း ကလေးမြို့၏ အနောက်မြောက်အရပ်ရှိ နန်းဇလူကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ကြရာ ဆရာတော်သည်လည်း ဒါယကာများရှိရာသို့ လိုက်ပါသီတင်းသုံးခဲ့ပါသည်။

       ဒါယကာများ မြို့တွင်းသို့ပြန်လည်ပြောင်းရွှေ့ကြသောအခါ ဆရာတော်သည် ပြည်သူ့ဆေးရုံဝင်းအတွင်း ကုတင်(၂၀ဝ)ဆန့် ဆေးရုံသစ်ကြီး၏ ရှေ့တည့်တည့် နေရာတွင်ကျောင်းဆောက်ပြီး (၃)ဝါတိုင်အောင် သီတင်းသုံး နေထိုင်ခဲ့ပါသည်။ ထို့နောက်တွင် နေသာကျောင်း၏ အနောက်ဘက်တွင် နှစ်အတန်ငယ် ကြာအောင် သီတင်းသုံးနေရင်း လွတ်လပ်ရေးမရမီ အချိန်အထိ တောတိုက်မှကျောင်းသားအများစုကို ပညာသင်ပေးနေခဲ့ပါသည်။ ခေတ်စနစ် မတည်ငြိမ်မီအတွင်း ဖြစ်သော်လည်း ပညာသင်ယူလိုသူများအတွက် ဘုန်းတော်ကြီးသင်ကျောင်းများ၏ သင်ကြားပေးမှုတို့ကြောင့် နိုင်ငံမချမ်းသာသော်လည်း စာတတ်သူဦးရေ များပြား ခဲ့ရသည်ဟု သမိုင်းသုတေသီတို့ ကဖေါ်ပြကြပါသည်။

      လွတ်လပ်ရေးရသည့်နှစ်တွင် သီတင်းသုံးနေသည့်ကျောင်းမှ အသစ်ဆောက်လုပ်သည့် ယခုလက်ရှိကျောင်း သို့ ဒါယကာများ၏ပင့်လျှောက်ချက်အရ ရွှေ့ပြောင်း သီတင်းသုံးတော်မူခဲ့ပါသည်။ ကျောင်းတိုက်၏အမည်မပေးရသေးဟု သိရပါသည်။ တစ်မြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာစေတီတော်မြတ်ကြီး ဘုရားပွဲတော်တွင် ရပ်ကွက်အလိုက် ဆွမ်းကပ်အဖွဲ့(ဂေါင်း)တို့က မိမိတာဝန်ကျသည့်ကျောင်းသို့ ဆွမ်းလှူဒါန်းကြသည့်အခါတွင် အဖွဲ့အမည် ကျောင်းတိုက်အမည်တို့ကို ဖေါ်ပြရမည်ဖြစ်၍ ကျောင်းတိုက်အမည်တောင်းခံသောအခါ ဆရာတော်ဥုးဇိနက “ကျောင်းက ကြီးကြီးမားမား မဟုတ်ပါဘူး ငါတစ်ပါးတည်းနေသာရုံရယ်ပါ။ ဒါ့ကြောင့် “နေသာကျောင်း” လို့ အမည်ပေးလိုက်ကြ” ဟု ဆရာတော်၏ မိန့်ဆိုချက်အရ ယနေ့တိုင် ထိုအမည်တွင်နေခြင်းဖြစ်သည်ဟုသိရပါသည်။ ကျောင်းတိုက် စတင်တည်ထောင်သည့်ခုနှစ်မှာ ၁၃၁၃-ခုနှစ်ဖြစ်သည်ဟု သိရပါသည်။

    ဆရာတော်ဥုးဇိန ပျံလွန်တော်မူပြီးနောက် ကလေးမြို့နယ်၊ နတ်ချောင်းရွာ ရန်ကင်းကျောင်းတိုက်မှ ဆရာတော်ဥုးဥတ္တရ၏တပည့် ဥုးသုဝဏ္ဏအား ၁၉၈၀-ခုနှစ်တွင် နေသာကျောင်းတိုက်၏ ဒုတိယမြောက် ကျောင်းထိုင်ဆရာတော်အဖြစ် ကိုးကွယ်ကြပါသည်။ နေသာကျောင်းတိုက်တွင် နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ကျော်အောင် သီတင်းသုံးတော်မူခဲ့ပါသည်။ ဆရာတော် ဥုးသုဝဏ္ဏအရှင်မြတ် (သက်တော်(၈၄)၊ဝါတော်(၆၄)သည် ၁၃၆၈ခု၊ သီတင်းကျွတ်လကွယ်၊ သောကြာနေ့၊(၂၀.၁၀.၂၀ဝ၆)၊ နံနက်(၈း၂၀)အချိန်တွင် ကလေးမြို့ ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ သံဃာ့ဆေးရုံတွင် ပျံလွန်တော်မူခဲ့ပါသည်။

    ဆရာတော်ဥုးသုဝဏ္ဏပျံလွန်တော်မူပြီးနောက် ဆရာတော်ဥုးသုခုမက ကျောင်းထိုင် ဆရာတော်အဖြစ် နေသာကျောင်းတိုက်ကြီးကို တစ်နှစ်ခန့်အုပ်ချုပ် သီးတင်းသုံးခဲ့ပါသည်။

No comments:

Post a Comment