Saturday, May 11, 2013

အများနဲ့မတူတဲ့အကြောင်းတွေ -၁

နယ်ကလေးမှာတော့ နေသာပညာဒါနသင်တန်းဆိုရင် လူတော်တော်များများသိကြပါတယ် ။ သင်တန်းအပေါ်တက်ရောက်ခွင့်အတွက် အစစအရာရာ ၀ီရိယထားပြီး ပြင်ဆင်ကြရပါတယ် ။ ၂၇.၂.၂၀၁၁ မှာတော့ နေသာပညာဒါနသင်တန်းမှာ ၈၊ ၉၊ ၁၀ အတန်းများအတွက် ဆက်တိုက်တက်ရောက်ခွင့် လမ်းစဖြစ်တဲ့ ရှစ်တန်းဝင်ခွင့်စာရင်းတွေ ကို လက်ခံခဲ့ပါတယ် ။ ကြိုတင်သတင်းထုတ်ပြန်မှု ၃ ရက်ခန့်သာ စောခဲ့တာမို့ တစ်ချို့တွေလည်း မသိလိုက်ကြတာတွေရှိပါတယ်။ ဒါပေမယ့် နိုးကြားပြီး ကြိုးစားသူများအတွက်လို့ ရည်ရွယ်ထားခဲ့တာ ကြောင့် နိုးကြားနေသူတွေကတော့ စာရင်းပေးသွင်းဖို့ အဆင်သင့်ပါပဲ ... ။ မနက်အိပ်ယာထဲမှာ စီစီညံညံအသံကြားလို့ ထကြည့်တော့ တန်းစီနေရာဦးနေကြတာ တော်တော်တောင်များနေပါပြီ။ လင်းအားကြီးချိန် (၄း၀၀)နာရီသာသာပဲရှိသေးတာမို့ သူတို့တွေ ဘယ်အချိန် ကစပြီး တန်းစီနေကြတယ် မသိပါဘူး။ တကယ်တော့ စာရင်းက မနက် (၈)နာရီမှ စတင်လက်ခံမှာဖြစ်ပါတယ်။ လူဦးရေက (၃၀၀)သာ ကန့်သတ်ထားတာမို့ ဒီလိုစောစောနေရာယူထားမှ စိတ်ချရမယ်လေ။ အဲသလို နိုးနိုးကြားကြား လုပ်ကြရတာပါ။

ဒါပေမယ့် တကယ်တန်းလက်ခံတော့ လူသိနည်းတာကြောင့် လူဦးရေ ၂၀၀ ကျော်ပဲ စာရင်းရရှိပါတယ်။ အဲဒီ တစ်နေ့လုံး လက်ခံပေးတဲ့ အပြင် နောက် တစ်ရက်အထိပါ စာရင်းဖွင့်လက်ခံပေးပါတယ်။ နောက်ဆုံး ၁-၃-၂၀၁၁ မှာတော့ လူဦးရေ ၃၂၀ ကျော် စာ၇င်းရောက်ရှိ သွားပါပြီ။ အချိန်နဲ့ စာသင်ခန်းနေရာနဲ့ စီမံကွပ်ကဲမှုပေးဖို့တွေကိုပါ အပြန်ပြန်အလှန်လှန် သုံးသပ်တွက်ချက်ရတာမို့ ဒီအရေအတွက် ဟာ အများဆုံးလက်ခံနိုင်တဲ့အရေအတွက်ပါပဲ။

စာရင်းပေးသွင်းသူများအနေနဲ့ မတ်လ (၅)ရက်နေ့မှာ သင်တန်းရဲ့အစီအစဉ်နဲ့ ၀င်ခွင့်ဖြေဖို့စာတွေ သင်ယူကြရဦးမှာပါ။ မွမ်းမံ သင်တန်းလို့ ခေါ်ကြပါတယ်။ မွမ်းမံသင်တန်းမတက်ဘဲ အပြင်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လေ့လာပြီး လာဖြေလို့လည်း ရပါတယ်။ မွမ်းမံသင်တန်းက အခမဲ့ပါ။ ဒါပေမယ့် စာမေးပွဲကြေး၊ ရေ၊ မီး စတဲ့အထွေထွေအတွက် အလှူငွေ ၃၀၀၀ ကျပ်ကိုတော့ လူတိုင်းထည့် ၀င်ကြရပါတယ်။

၁-၃-၂၀၁၁ မှာတော့ အမျိုးသမီးကြီးနှစ်ယောက်ရောက်လာပါတယ်။ လည်တိုင်မှာ ရွှေကြိုးခပ်ကြီးကြီးနဲ့၊ ပိုက်ဆံအိတ်ကြီး ချိုင်းညှပ် လို့ပေါ့ ..... ။ ရှစ်တန်းဝင်ခွင့်စာရင်းပေးချင်ပါသတဲ့။ ဘယ်မှာလဲ လက်ခံတဲ့သူ ... ဆိုပြီး မေးပါတယ်။ လူပြည့်နေပြီဖြစ်ကြောင်း ..... အချို့ဆိုရင် စာရင်းပေးသွင်းဖို့ အဲဒီနေ့ မနက်အစောကြီးကစ တန်းစီကြရပါကြောင်း၊ အခုတော့ ၂ရက်တောင်ကျော်နေပြီဖြစ်ပါကြောင်း .......... တစ်ယောက်က ရှင်းပြပေးပါတယ်။ ဒါပေမယ့် အမျိုးသမီးကြီးက လက်မခံပါဘူး။ ဘယ်မှာလဲ တာဝန်ရှိသူ၊ စာရင်းလက်ခံသူ ... တွေ့ချင်တယ် .... ဘယ်နှယ် ... ဘာညာ ပေါ့လေ .... ။ နည်းနည်းတော့ ဆူညံဆူညံပါပဲ ..... ။ ကဲ ဘယ်လိုလဲ အမျိုးသမီးကြီးရဲ့ ဆန္ဒကို လက်ခံလိုက်ကြမလား ..... ။

သင်တန်းမှာ ဦးဆောင်ဆရာတော်ရဲ့ တူအရင်းတွေတောင် စည်းကမ်းနဲ့ပတ်သတ်လာရင် တစ်ရွေးသားမှ မလျှော့တာမို့ အခြားသူများ အတွက်တော့ ဆိုဖွယ်မရှိပါဘူး။ သင်တန်းရဲ့ ဆရာ ဆရာမများ နဲ့ ဆွေမျိုးနီးစပ်တို့လည်း အလားတူပါပဲ ။ အများနဲ့တန်းတူ တန်းစီရပါ တာပါပဲ။ ဘာအခွင့်ထူးခံမှ မရှိပါဘူး။ တစ်ချို့ စေတနာနဲ့ ဆောင်ရွက်ပေးနေကြတဲ့ ဂိုက်ဆရာ ဆရာမများအနေနဲ့လည်း ကိုယ့်ညီ ကိုယ့်တူတွေရှိရင် တန်းစီစာရင်းပေးကြရတာ နေသာရဲ့ ထုံးစံပါ။

ဒီလို ပြတ်ပြတ်သားသားဆောင်ရွက်တာမို့ သင်တန်းနဲ့ပတ်သတ်ပြီး အခြားနေရာတွေမှာ မလိုတမာပြောသံတွေတော့ အမြဲ ညံနေတတ် ပါတယ်။ အရိုက်ကြမ်းတယ်။ ငွေချူတယ် ... ။ အရည်အသွေးမပြည့်ဘူး။ ဆရာတွေထဲမှာ B.Ed ဘွဲ့ရ ဘယ်နှစ်ယောက်ပါလို့လဲ .... ။ ဘုန်းကြီးက သင်တာတဲ့ ဘာတတ်မှာလဲ ..... စသည်ဖြင့် အသံမျိုးစုံပါတယ်။ ကြားယောင် နားယောင်ကြမယ်ဆိုရင်တော့ သင်တန်းမှာ လာရောက်စုံးစမ်းနိုင်ပါတယ်။ ဖုန်းပဲဆက်ဆက်၊ မေးလ်နဲ့ပဲ မေးမေး ၊ လူကိုယ်တိုင်ပဲလာလာပေါ့လေ .... ။ ဗုဒ္ဒဟောတောမူတဲ့ ကာလာမ သုတ်တော်ထဲကလိုပေါ့ ....

အခွင့်ထူးရလိုတဲ့ အခွင့်ထူးခံလူတန်းစားများအနေနဲ့လည်း တစ်ချို့နေရာတွေမှာတော့ အများနဲ့မတူတဲ့ ခြွင်းချက်တွေ ရှိနေပါသေးလားဆိုတဲ့ သတိလေးကပ်သွားကြရင် ..... ဒါလည်း ကုသိုလ်ရတာပါပဲ ....

                                                                                                                             မင်းမင်း (ပေကန်တို)

No comments:

Post a Comment