ကလေးမြို့၊
ကာယကံမေတ္တာနာမှုကူညီသူများ၏ ၁၀-နှစ်ပြည့်အထိမ်းအမှတ်စာပေဟောပြောပွဲအတွက်
ဖိတ်ကြားထားသော စာရေးဆရာများဖြစ်ကြသည့် ဆရာ မောင်သာချို၊ ဆရာအော်ပီကျယ်၊
ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမြင့်ဇော်၊ ဆရာမဂျူး၊
ဆရာမသန်းမြင့်အောင်တို့သည် ကလေးမြို့သို့ 16-5-2011 နံနက် (၉)နာရီတွင်
မြန်မာ့လေကြောင်းဖြင့် ရောက်ရှိလာခဲ့ပါသည်။
စာရေးဆရာအဖွဲ့အား နယ်ခံစာပေ၀ါသနာရှင်များမှ ကြိုဆိုခဲ့ကြပြီး တောင်ဇလပ်ဟိုတယ်တွင် တည်းခိုရန် စီစဉ်ပေးကြပါသည်။ ထို့နောက် ကာယကံမေတ္တာနာမှုကူညီသူများ၏ ဦးဆောင်ဆရာတော်အား သွားရောက်ဂါရ၀ပြုနှုတ်ဆက်ကြပါသည်။ အဆိုပါစာရေးဆရာအဖွဲ့အား ဦးဆောင်ဆရာတော်မှ ကာယကံမေတ္တာနာမှုကူညီသူများ၏ 10-နှစ်တာကာလဖြတ်သန်းခဲ့ရမှု၊ အောင်မြင်မှု၊ လုပ်ငန်းစဉ်များနှင့်တကွ အခြားဆက်စပ် ပရဟိတလုပ်ငန်းများအကြောင်းကိုပါရှင်းလင်း ပြောပြခဲ့ပါသည်။ထို့အပြင် နေသာစာကြည့်တိုက်သို့ပါ ၀င်ရောက်လေ့လာခဲ့ကြပြီး
တွေ့ဖူးသမျှ မြန်မာပြည်အတွင်းစာကြည့်တိုက်များတွင် အကောင်းဆုံးစာကြည့်တိုက်စာရင်းဝင်တိုက်တစ်ခုပင်ဖြစ်ပါကြောင်း၊ ထိုစာကြည့်တိုက်မျိုးရှိနေသည့် နယ်ခံလူထုအတွက် များစွာကံကောင်းပါကြောင်း ၀မ်းမြောက်ဝမ်းသာဖြင့် မှတ်ချက်ပေးသွားပါသည်။ မိမိတို့ရေးသားထားသော စာအုပ်အချို့ကိုလည်း စာကြည့်တိုက်အတွက် လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်ပြီး ဆရာ ဆရာမများသည် နေသာပညာဒါန၏ 2011-2012 ပညာသင်နှစ် ရင်သွေးငယ်ပေါင်း ၃၀၀-ကျော်ကိုတွေ့ဆုံကာ ကလေးများ မေးသမျှမေးခွန်းတို့ကို စိတ်ဝင်တစား ဆွေးနွေးဖြေကြားခဲ့ကြပါသည်။
ညပိုင်းတွင် မိုးဖွဲဖွဲရွာနေသောကြောင့် မူလစီစဉ်ထားသည့် ဂရိတ်မင်းဦးတာနှင့်အဖွဲ့လက်စွမ်းပြပြင်ဆင်ထားသော ဟောပြောပွဲစင်မြင့်ရှိရာ ရွှေဘုံသာဘောလုံးကွင်းအတွင်းတွင် ဟောပြောပွဲကျင်းပနိုင်ခြင်းမရှိဘဲ အနီးရှိ အောင်မင်္ဂလာဇာတ်ရုံကြီးအတွင်းသို့ ပြောင်းရွှေ့ကျင်းပခဲ့ပါသည်။ ထိုညက ဆရာအော်ပီကျယ်၊ ဆရာမောင်သာချိုနှင့် ဆရာမသန်းမြင့်အောင်တို့က အားပါးတရဟောပြောခဲ့ကြပါသည်။
တစ်ပြိုင်တည်းလိုလိုကျင်းပရန် စီစဉ်ထားသော တောင်သာကျေးရွာစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ရည်ရွယ်သည့် စာပေဟောပြောပွဲမှာမှု မိုးသည်းထန်မှုကြောင့် ပွဲကို နောက်တစ်နေ့သို့ ရွှေ့ဆိုင်းလိုက်ရပါသည်။ အဆိုပါတောင်သာဟောပြောပွဲအတွက် ဆရာမောင်စိန်ဝင်း၊ ဆရာမဂျူးနှင့် ဆရာမြင့်ဇော်တို့မှ ဟောပြောရန်စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။
နောက်တစ်နေ့ ၁၇-ရက်နေ့တွင်မူ ဆရာမောင်သာချို၊ ဆရာအော်ပီကျယ်၊ ဆရာမသန်းမြင့်အောင်တို့ (၃)ဦးသည် တမူးမြို့သို့ထွက်ခွာကာ တမူးမြို့မြို့မကျောင်းတွင်ဟောပြောခဲ့ပြီး ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာမဂျူး၊ ဆရာမြင့်ဇော်တို့က မြောက်စည်းကျေးရွာအုပ်စုသို့ သွားရောက်ကာ ဟောပြောကြပါသည်။
ညပိုင်းတွင် ဆရာမောင်စိန်ဝင်းနှင့်အဖွဲ့က အောင်မင်္ဂလာဇာတ်ရုံကြီးတွင် ဟောပြောကြမည်ဖြစ်ပြီး ဆရာအော်ပီကျယ်နှင့်အဖွဲ့ကမူ ယမန်နေ့က ရွှေ့ဆိုင်းလိုက်ရသော တောင်သာကျေးရွာသို့ အစားထိုးဟောပြောကြမည်ဖြစ်ပါသည်။
ဆရာဆရာမများသည် ၁၈-၅-၂၀၁၁၊ နေ့လယ် (၁)နာရီလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာကြမည်ဖြစ်ပါသည်။

No comments:
Post a Comment