
မနက်ဖြန်ဆိုရင် ( နိုဝင်ဘာလ-၁၈ ရက် -တနင်္ဂနွေ )
မိခင်နေသာပညာဒါနသင်တန်းရဲ့ အာစရိယပူဇော်ပွဲကြီးကို
စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ကျင်းပပေလိမ့်မယ်။ ၁၇
ကြိမ်မြောက်အာစရိယပူဇော်ပွဲ။ နှစ်ကာလရှည်လာတာနဲ့ အမေ့မှာ
သားသမီးတွေလည်းများလာလိုက်တာ။ တစ်ချို့ကတော့ အဝေးဆုံးနေရာတွေမှာ။
တစ်ချို့လည်း နီးလျက်နဲ့ဝေးလို့။ ပုံမှန်တက်ဖို့ အားခဲထားမယ်ဟေ့ဆိုတဲ့
စိတ်ဓာတ်နဲ့ မှန်မှန်တက်ရောက်ပြီး ဆရာတွေကို ကန်တော့နေကြသူများလည်း
ရှိနေနိုင်တာပဲ။ အမေကတော့ မိခင်တို့ရဲ့စိတ်ဓာတ်နဲ့သာ လာသူကိုဆီးကြိုလို့။
မလာနိုင်သူတွေကို ငေးမျှော်လို့။ မလာရကောင်းလားလို့
အပြစ်လည်းယူရှာမယ်မဟုတ်။ သားဆိုးတစ်ယောက်ရဲ့ အပြန်လမ်းကို မိခင်အိုရဲ့
မျှော်ခြင်းမျိုးနဲ့ မျှော်ရှာမယ်ထင်ရဲ့။

စကားစပ်မိရင် စပ်မိသလို သူ့ရဲ့အဝေးရောက်ရင်သွေးတွေအကြောင်း
သိလိုဇောနဲ့မေးရှာလေမယ်။ ကောင်းသတင်းတွေကြားရရင် ဖုံးဖိမထားနိုင်တဲ့
ကြည်နူးခြင်းနဲ့ အမေပြုံးပေလိမ့်မယ်။ ဂုဏ်ယူတဲ့အပြုံး။ လောကကို
ကျေနပ်တဲ့အပြုံးပေါ့။မွေးထားတဲ့အတိုင်း ကြီးပြင်းမလာဘဲ သနေမှားတဲ့
သားမျိုးတွေအကြောင်း ကြားရရင်လည်း တာဝန်မကင်းခဲ့သလို ခံစားမှုနဲ့
ရှက်ရွံ့စွာ ခေါင်းငုံ့နေရှာမှာပဲ။ ကန်တော့ပွဲမှာ လက်ဆောင်ပစ္စည်းတွေက
အဓိကမဟုတ်။ လာကြသေးတာပဲ။ စည်းကပ်နေကြ သေးတာပဲဆိုတဲ့
အသိလေး၊ ငါ့ကို အသိအမှတ်ပြုနေကြသေးတာပဲဆိုတဲ့ အသိလေး .. အမေ့ရင်ထဲ
ကိန်းသွားစေဖို့က အဓိကပဲလို့ ခံစားမိပါတယ်။ စည်းဝိုင်းအပြင်ဘက်က
အမေ့ခံအမေမျိုးမဖြစ်ဖို့ ကျွန်တော်တို့ သားသမီးတွေဘက်က
တစ်နှစ်တစ်ခါတော့အမေ့ဆီသွားသင့်တာပေါ့ဗျာ။ အမေ့အိမ်မှာ သားတစ်ပြုံကြီးအတွက်
ထိုင်စရာနေရာ ရှိချင်မှ ရှိမယ်။ ချကျွေးစရာပြည့်စုံချင်မှ ပြည့်စုံမယ်။
ဒါပေမယ့် ဒါ ကျွန်တော်တို့အမေ့အိမ်လေ .. ။ ကျွန်တော်တို့
နေတတ်ရမယ်မဟုတ်လား။

1998-99 မှာ အမေမွေးခဲ့တဲ့သားဆိုတော့ ကျွန်တော်က
သားကြီးများစာရင်းထဲကတစ်ယောက်ပေါ့။ အဲဒီသားက 2005-06 မှာ အမေ့ကို
ကူဖော်လောင်ဖက်ပြန်ပြုနိုင်ခဲ့တယ်။ ညီငယ်ညီမငယ်တွေကို အမေနဲ့အတူ
ထိန်းကျောင်းရင်း၊ သွန်သင်ရင်း ... ။အမေ့ထမင်းကို နှိုက်စားရင်း။
အမေ့အဆုံးအမကို ခံယူရင်းပေါ့လေ။ အမေ့အိမ်မှာပဲနေခဲ့တယ်။ ခု 2012-2013
ခုနှစ်ဆိုတော့ အမေ့ကို ကူခဲ့တဲ့တာ ( ၈)နှစ်ထဲ ရောက်နေပြီပေါ့လေ။

အကြောင်းထူးမရှိဘဲနဲ့ ဆရာကန်တော့ပွဲကို တစ်နှစ်မှ မပျက်ခဲ့တဲ့
ကျွန်တော်ဟာ ကန်တော့သူတစ်ယောက် အနေနဲ့ရော၊ ကန်တော့ခံတစ်ဦးအနေနဲ့ပါ
ဆရာကန်တော့ပွဲတွေကို ၀င်ဆင်နွှဲ ခဲ့ဖူးပါတယ်။ စီစဉ်သူနေရာကနေ
လေးငါးနှစ်ဆောင်ရွက်ခဲ့ဖူးတယ်။ စီစဉ်သူဆိုတော့လည်း သူများမသိတာတွေ
အတွင်းကျကျသိတာပေါ့။အချိုရည်ပန်းကန်စုံတစ်ခုတို့၊
တမူးစောင်ပိုင်းတစ်ထည်တို့ မျက်နှာငယ်ငယ်နဲ့ ကန်တော့ဖို့
စီစဉ်ခဲ့ရတဲ့အခါတွေလည်း ရှိခဲ့ဖူးတယ်။ အလှူငွေကောက်ဖို့
အိမ်ရှေ့ရောက်တဲ့အခါ တက်ကြွစွာ
ပါဝင်ကြတဲ့ သူတွေရှိသလို ပြီး မပြီးနိုင်ဘူးဆိုတဲ့ အခံစိတ်လေးတွေနဲ့
လေးလေးပင်ပင် ထည့်ဝင်ကြသူတွေလည်း မရှားပါဘူး။ ငွေတစ်ထောင်ဟာ အချို့သော
အမေ့သားတွေအတွက် မခက်ခဲနိုင်ပေမယ့် အချို့သောသူများအတွက်တော့
လက်တလောချင်းထည့်ဝင်လိုက်ဖို့ ခက်ကောင်းခက်နေပါလိမ့်မယ်။ ဘ၀တွေက
အမျိုးမျိုးမဟုတ်လား။ ရှိတဲ့၊ ရတဲ့ အလှူငွေလေးနဲ့ ကန်တော့ပွဲကို လှအောင်
ပြင်ဆင်ဖို့သာ အားထုတ်ရတာပေါ့။

နောက်တစ်ခုက ကျောင်းသားကြီးများနဲ့ ဆရာငယ်များ ကိစ္စပါပဲ။ ကန်တော့ခံ
အာစရိယောဂုဏ်ထိုက်သူအချို့ဟာ ကျောင်းသားကြီးတွေလောက် အသက်ဝါ
မကြီးကြသေးတာတွေပါလာပါပြီ ဒါဟာလည်း (၁၇)နှစ်လုံးလုံး ရွေ့ခဲ့တဲ့ ခရီးတာမှာ
တစ်ဖက်ဖက်ကနေ ၀င်ဝင်ပြီး ကူတွန်းပေးကြရသူတွေရဲ့အားကို
အများကြီးယူခဲ့ရတာမို့ ဆရာငယ်တွေ ကန်တော့ခံစင်မြင့်ပေါ်ရောက်ကုန်တာလည်း
လက်ခံရမယ့်အချက်ပါပဲ။ ဒီလိုမှ ဆက်ဆက်ပြီး မျိုးဆက်သစ်က တာဝန်ဆက်မယူရင်
သင်တန်းသက် ဒီလောက်
ကြာနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ကျောင်းသားကြီးများနဲ့ ဆရာငယ်များ၊
ကန်တော့မယ့်သူနဲ့ကန်တော့ခံများ။ ထားသင့်တဲ့ သဘောထားနဲ့ ထားနေတဲ့ မာန်။
ဒီကြားမှာ ပီတိစိတ်ကို ၁၀၀% မရလို့ ကန်တော့ပွဲကို မတတ်တော့တဲ့
ကျောင်းသားကြီးတွေ ရှိသလို၊ ကျောင်းသားကြီးတွေ၊ ကိုယ့်ထက် ကြီးသူတွေ
လာကန်တော့မှာမို့ စင်မြင့်ထက်တက်ပြီး ကန်တော့မခံတော့တဲ့ ဆရာငယ်တွေလည်း
ရှိပါတယ်။ (ကိုယ်တွေ့ပါ) ။ လုပ်အပ်သလား၊မလုပ်အပ်သလားဆိုတာ မသိပါဘူး။
ကိုယ်တိုင် ဆရာဖြစ်ပြီးတဲ့နောက်ပိုင်း တစ်နှစ်မှ
ဆရာစင်မြင့်ထက်ထိုင်ပြီး ကန်တော့မခံခဲဖူးပါဘူး။ ကိုယ်လည်း
ကျောင်းသားဟောင်းမို့ အောက်ဆင်းပြီးကိုယ့်ဆရာတွေကို ကန်တော့ခဲ့တာပါပဲ။
ကိုယ့်အောက်ငယ်သူတွေ၊ ကိုယ့်ဆရာမဟုတ်သူတွေ စင်ပေါ်မှာရှိနေပေမယ့်
ကိုယ့်အာစရိယ စစ်စစ်တွေလည်း စင်ပေါ်မှာရှိနေတာမို့ အာရုံယူဖို့မခက်ခဲ့ပါဘူး။
စိတ်မကောင်းဖြစ်မိတာက ကိုယ့်ထက်ကြီးသူတွေ ကန်တော့ပွဲကနေ
ဝေးဝေးသွားတာကိုပါ။
မန္တလေးမှာတော့ မိုးက တဖွဲဖွဲနဲ့ စဲပဲမစဲနိုင်အောင် ရွာနေပါတယ်။
အဆောင်မှာ နေရင်းနဲ့ ကျောင်းတော်ကို လှမ်းပြီးလွမ်းနေပါတယ်။ ဒီမိုးမျိုးသာ
ကလေးမှာ ရွာနေမယ်ဆိုရင် ဆရာကန်တော့ပွဲဟာ အခက်အခဲတွေ ရှိနေနိုင်ရဲ့။
ဆရာတော့်ကိုယ်စား ဘယ်သူတွေများ အနီးမှာ တာဝန်ယူဆောင်ရွက်နေကြမလဲ။ သူတို့တွေ
စိတ်တပူပူနဲ့ ရှိကြမှာပဲ။ ဆွေးနွေး လိုက် တိုင်ပင်လိုက်နဲ့ ဟာကွက်တွေ
နည်းနိုင်သမျှ နည်းအောင် လုပ်နေကြမယ်ထင်ရဲ့။ မြတ်ဆရာ သီချင်းကိုလည်း
ကလေးတွေကို သင်ပေးပြီးရော့ပေါ့။စတိတ်ရှိုးအစီအစဉ်ကော ပါသေးလား။ ပါရင်တော့
ကိုယ့်တပည့်တွေ (လက်ရှိတက်ရောက်သင်ကြားဆဲ)လည်း
အဆိုပွဲမှာကဲလိုက်ကြဖို့ဟန်တကြွကြွနေမှာပေါ့။ မြင်ယောင်မိပါသေးရဲ့။
ကျောင်းကနေ သင်တန်းဆီကို မသွားခင်ကတော့ ဆရာ ဘယ်တော့ ပြန်လာမှာလဲလို့
အဆွေးမျက်နှာနဲ့ မေးကြသူတွေဟာ ခုတော့လည်း အဝေးရောက်နေတဲ့ ဆရာတစ်ယောက်ကို
သတိမှ ရကြပါလေစ။

ဒီအတွေးဟာ အတ္တစိတ်ပဲလို့ သိပေမယ့် ကိုယ်က တစ်ယောက်တည်း
ခွဲထွက်ခဲ့သူဆိုတော့ လွမ်းမိပါတယ်။ ကိုယ့်ကိုလည်းသတိရစေချင်ပါတယ်။
ရှိစေတော့။ ဧည့်ခံကျွေးမွေးမယ့် ကြာဆံ(ထုံးစံအတိုင်းကြာဆံပဲဖြစ်မှာပါလေ)
ကော လောက်မှ လောက်ပါ့မလား။ နေသာကျောင်းသားအစားမရှက်ဆိုပြီး
နှစ်ခါသုံးခါဝင်ဝင်စားမယ့်ကောင်တွေကလည်း ရှိနေဦးမှာ။ ဒါလည်း
အစဉ်အဆက်ရခဲ့တဲ့ဓလေ့တစ်ခုကိုး။ ကိုယ်တွေတုန်းကလည်း ဟင်းပေါင်းအိုးတောင်
မရှောင်ဘဲ အစဉ်အလာကောင်းတွေ ပေးခဲ့သေးတာလေ။ နောက် ကန်တော့ပစ္စည်းအနေနဲ့
ဘာတွေများ စီစဉ်မလဲ။ ဟိုနှစ်တွေကတော့ ဆရာတွေဆီမှာ ရှိပြီးသားဖြစ်နေမှာလည်း
စိုးရ၊အသုံးမတည့်တာဖြစ်နေမှာလည်း စိုးရ၊ ဈေးကိုလည်း ပြန်ချိန်ရနဲ့မို့
ကန်တော့ပစ္စည်း စဉ်းစားရတာကိုက ခေါင်းခြောက်ပါတယ်။ ဖြစ်ပြီးရောဆိုပြီး
ပြီးလွယ်စလွယ်မလုပ်ဘဲ သေချာစဉ်းစားပြီး အကောင်းဆုံးဖြစ် အောင်
ရွေးချယ်တတ်တာက သင်တန်းဦးဆောင်ဆရာတော်ရဲ့ စေတနာပါ။
မနက်ဖြန်ဆိုရင်တော့ မိခင်နေသာကျောင်းမှာ
ဆရာကန်တော့ပွဲလုပ်နေရော့မယ်။ ကိုယ့်ကွန်ပျူတာထဲမှာလည်း
မြတ်ဆရာသီချင်းရှိနေပါတယ်။ ကိုအောင်သူထွန်းတို့၊ ကိုသက်ဝေတဲ့
အိုင်တီအုပ်စုကလည်း ဆရာကန်တော့ပွဲကို ဖေ့ဘုတ်ကနေ
တိုက်ရိုက်ရေးသားတင်ဆက်နေမယ်လို့ ဆိုရဲ့။ အခွင့်အခါပေးရင်တော့
လွမ်းရသေးတာပေါ့လေ .... ။ မနက်ဖြန် အရေးပေါ်ကိစ္စတွေ မပေါ် ပါစေနဲ့လို့ပဲ
ဆုတောင်းရတော့မယ်။

သံဃဂုဏောအနန္တော၊ အာစရိယဂုဏောအနန္တော။
အဝေးရောက် တပည့် / အောင်ဆန်းလင်း